Pages

Search This Blog

SayaDaw U Nyanissara


သီတဂူအဓိဋ္ဌာန်              

 

ငါတို့ဖြစ်ရ၊ ဤလောကဝယ်
ဘဝသမိုင်း၊ မရိုင်းစေရန်
စိတ်မန်မချ၊ မာနမပါ
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု၊ လုံ့လပြုအံ့။ ။

ဒို့ သီတဂူအဓိဋ္ဌာန်မှာ မှာထားတဲ့စကားနှစ်ရပ်ကို အားလုံးစွဲစွဲမြဲမြဲ မှတ်သားပြီးတော့ ဆောင်ရွက်ကြဘို့လိုတယ်။ အဲဒီထဲမှာ ဘဝသမိုင်း မရိုင်းစေရန် ဆိုတဲ့အချက်ပဲ။ မင်းတို့တပည့်တွေအားလုံး သာသနာတော်အတွက် ကံကောင်းလို့လုပ်ခွင့်ရနေတာ၊ အဲ့ဒီလုပ်ခွင့်ရနေ တာကိုက ကံကောင်းလို့ လုပ်ခွင့်ရနေတာ။ ဒီလုပ်ငန်းကို လုပ်ခွင့်ရနေတာကိုက ကံကောင်းတဲ့အခွင့်အရေးလို့ မှတ်သားပြီးတော့ အဲဒီအခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဘို့၊ ရထားတဲ့လုပ်ခွင့်ကို ထိထိရောက်ရောက်လုပ်ပြီးတော့ အခွင့်အရေးကို မိမိရရ အရယူဘို့၊ လုပ်ကိုင်ခွင့်ပေးထားတဲ့အလုပ်ကို ထိထိရောက်ရောက်မလုပ်ပဲ အခွင့်အရေးကို ရအောင်မယူတတ်ဘူး၊ မယူနိုင်ဘူးဆိုလို့ရှိရင် ဘဝသမိုင်းဟာ ရိုင်းသွားလိမ့်မယ်။

ထိထိရောက်ရောက်မလုပ်တဲ့အပြင် ရထားတဲ့အခွင့်အရေးကို ပျက်စီးအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီသူဟာ ကိုယ့်ဘဝသမိုင်းကို ကိုယ်ကိုယ်တိုင် အရိုင်းသမိုင်းလို့သိပြီး နောင်တပူပန်ဖြစ်ရလိမ့်မယ်။ အဲ့ဒါကြောင့် အားလုံး ဘဝသမိုင်းမှာ မရိုင်းရအောင်၊ သမိုင်းမှတ်တမ်း ကောင်းအောင် သင်သွားဘို့၊ လုပ်သွားဘို့၊ ကျင့်သွားဘို့တိုက်တွန်းတယ်။

ဘဝသမိုင်းမရိုင်းအောင် ဘာလုပ်မလဲဆိုရင် ဒို့သာသနာ ဒို့ပြည်ရွာကို သာယာစေမှု လုံ့လပြုရမယ်။ တိုင်းပြည်နဲ့သာသနာအတွက် ကောင်းတဲ့လုပ်ငန်းမှန်သမျှကို လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက် အကုန်လုံးလုပ်ကြရမယ်။ ငါ့တိုင်းပြည်နဲ့ ငါ့သာသနာအတွက် ငါ ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေလုပ်ခွင့်ရသလဲ၊ အဲဒီနှစ်ချက်တွက်ပြီးတော့ အလေးအနက် လုပ်နိုင်သလောက်၊ လုပ်ခွင့်ရသလောက်၊ ထည့်လိုက်ဦး လုပ်ဖြစ်သလောက် အကုန်လုံးလုပ်ရမယ်။ တိုင်းပြည်နဲ့သာသနာမှာ လုပ်ခွင့်ရပါလျှက်နဲ့၊ လုပ်နိုင်စွမ်းရှိပါလျှက်နဲ့၊ လုပ်လို့ဖြစ် ပါလျက်နဲ့ မလုပ်လိုက်ရဘူးဆိုလို့ရှိရင် သိတတ်တဲ့လူတစ်ယောက်အနေနဲ့ ဘဝမှာအသက်ရှည်ရင် ရှည်သလောက် အဲဒီချွတ်ယွင်းမှုတွေနဲ့ ကိုယ့်ဘဝကို ကိုယ်ဖျက်ဆီးရာကျတယ်။ ကိုယ့်ဘဝကို ကိုယ်ဖျက်ဆီးခြင်းဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်သာသနာကို ဖျက်ဆီးခြင်းပဲ။ တိုင်းပြည်နဲ့သာသနာကိုဖျက်ဆီးခြင်းဟာလည်း ကိုယ့်ဘဝကို ဖျက်ဆီးခြင်းပဲ။ ဘဝရယ် တိုင်းပြည်ရယ် သာသနာရယ်ဟာ ခွဲလို့မရဘူး။ ဒီသုံးခုဟာ အတူတူပဲ။

ခုလိုအထက်တန်းရောက်လာတာဟာ တိုင်းပြည်နဲ့ သာသနာက ကျေးဇူးပြုလို့ပဲ။ သီတဂူဆရာတော်ကကျေးဇူးပြုလို့ဆိုတာထက် သာသနာကကျေးဇူးပြုတာလို့ ဒီလိုတွက်ရမယ်။ တိုင်းပြည်နဲ့သာသနာက ဒို့ကိုဒီလောက်ကျေးဇူးပြုထားရင် ဒို့ကလည်း ဒို့တိုင်းပြည်နဲ့ ဒို့သာသနာတော်အတွက် ပြန်ပြီးတော့ကျေးဇူးပြုရမယ်။ အဲဒီလို သုံးခု ဟန်ချက်ညီသွားရင် ဘဝသမိုင်းဟာ ကောင်းသွားတာပဲ။ အဲဒါကြောင့် ဘဝသမိုင်းမရိုင်းကြရအောင်ရယ်၊ တိုင်းပြည်နဲ့သာသနာလှပအောင်ရယ် ဆောင်ရွက်နိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း သမိုင်း မရိုင်းဘူး။ ကိုယ့်ဘဝလည်း လှပလာလိမ့်မယ်။ အဲဒီခံယူချက်နဲ့ ရထားတဲ့အခွင့်အရေးတွေကို စနစ်တကျ တိုင်းပြည်နဲ့သာသနာတော်အတွက်ရော မိမိအတွက်ရော အသုံးချ။

သဗ္ဗော လောကော အဿကော-တစ်လောကလုံး ကိုယ်ပိုင်ဥစ္စာ ဘာမှမရှိဘူး။ သဗ္ဗံ ပဟာယ ဂမနီယံ-အကုန်လုံးစွန့်ပစ်ထားပြီး သွားကြရမှာပဲ။ အလွန်တိုတောင်းတဲ့အချိန်ကလေးအတွင်းမှာ ဒါတွေဟာ အကုန်လုံးပြီးသွားကြပြီ၊ လွန်သွားကြပြီ၊ နောက်ပြန်လှည့်လို့မရဘူး။ အဲဒါကြောင့် အနှစ်သာရနဲ့ကိုယ်ပိုင်ဥစ္စာရှာမရတဲ့ ဒိကမ္ဘာမှာ ငါ့တိုင်းပြည်နဲ့ ငါ့သာသနာအတွက် ငါဘာထားပစ်ခဲ့မလဲ၊ ငါ့အတွက်ကော ဘာတွေယူသွားမလဲ၊ အဲဒီစိတ်တွေကို အလေးအနက်ပြုပြီးတော့ ရထားတဲ့အခွင့်အရေး၊ ရထားတဲ့အချိန်၊ ရထားတဲ့ဘဝနဲ့ခန္ဓာကို တိုင်းပြည် နဲ့သာသနာတော်အတွက် များများကြီးအသုံးချပါလို့ဆိုတာ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

သီတဂူဆရာတော်ဘုရားကြီ:

No comments:

Post a Comment

Viewers

copyright © . all rights reserved. designed by Color and Code

grid layout coding by helpblogger.com